
Mother's Day
မိခင်များနေ့အကြောင်းကို လေ့လာမည်ဆိုရင် ရှေးခေတ်က အီဂျစ်နှင့်ရောမ လူမျိုးများ ကိုးကွယ်သော ဘုရားမတို့၏ပွဲနေ့များကိုလည်း ပြန်လည်လေ့လာရဖို့ လိုပါသည်။ ယေရှု၏မယ်တော်မာရိကို ရိုသေသော အစီအစဉ်များနဲ့လည်း ဆက်စပ်နေပါသည်။ ထိုအစီအစဉ်ကနေ မိခင်များနှင့် ပတ်သက်သော အစီအစဉ်များကိုလည်း ကနဦးခရစ်ယာန်များက ပြုလုပ်လာခဲ့ကြသည်။ Julia Ward Howe နှင့် Anna Jarvis တို့၏သမိုင်းများသည်လည်း ယခုခေတ် မိခင်များနေ့နှင့် ပို၍ နီးကပ်နေပါသည်။ သူတို့သည် မိခင်များနေ့၏ အရင်းအမြစ်လည်း ဖြစ်သည်။
အစောဆုံးသော မိခင်များနေ့၏သမိုင်းများ
ဘုရားမ Isis -ရှေးခေတ် အီဂျစ်လူမျိုးများ၏အရင်းအမြစ်
Isis ဟုအမည်ရှိသော ဘုရားမသည် အီဂျစ်လူမျိုးများ ကိုးကွယ်သော နတ်ဘုရားမဖြစ်ပြီး၊ ထိုနတ်ဘုရားမသည် အီဂျစ်လူတို့၏အစ၊ မျိုးပွားသူမ၊ ဖြစ်သည်ဟု ယုံကြည်ကြသည်။ သူမသည် ချိုနှစ်ချောင်းနှင့်နေမင်းကို ခေါင်းမှာ သရဖူဆောင်းထားပြီး၊ ရာဇပလ္လင်ပေါ်မှာ ထိုင်နေသူအဖြစ်နဲ့ ပုံဖော်ထားသည်။
Seth သည် Isis ၏ခင်ပွန်း Osiris ကို မနာလိုဖြစ်ပြီး အပိုင်းပိုင်း သတ်ဖြတ်ခဲ့သည်။ Isis သည် Osiris ၏ကိုယ်ခန္ဓာကို စုစည်းပြီး၊ ထိုကိုယ်ခန္ဓာနှင့် ကလေးရအောင် သူမဘာသာသူမပြန်လုပ်ခဲ့သည် ဟုဆိုကြပါသည်။ ထိုကလေးကို မွေးဖွားပြီး၊ Horus ဟု အမည်ပေးခဲ့သည်။ Horus သည် ကြီးလာသောအခါ အမေ၏ယောကျ်ားကို သတ်ဖြတ်သူ Seth ကို အနိုင်ယူပြီး၊ အီဂျစ်ပြည်ကို ဦးဆောင်သော ပထမဆုံးအုပ်ချုပ်သူမင်း ဖြစ်လာခဲ့သည်။ ထို့ကြောင့် သူ၏မိခင် Isis သည် “ဘုရင်၏မိခင်” ဟူသော ဘွဲ့နာမ ကို ရရှိခဲ့သည်။
ထို Isis သည် အီ၈ျစ်တို့၏ဘုရားမ ဖြစ်ပြီး၊ မိခင်အဖြစ် ကိုးကွယ်ခြင်းကို ခံရသူများထဲမှာ အစောဆုံးသော သူဖြစ်လာခဲ့သည်။ Isis ၏ပွဲနေ့ကို ရောမနိုင်ငံမှာတော့ ဆောင်းဦးရာသီကာလ၌ ကျင်းပကြပြီး၊ သုံးရက်ကြာ ကျင်းပခဲ့ကြသည်။
မိခင် Isis နှင့် သား Horus တို့၏ အဖြစ်အပျက်သည် မယ်တော်မာရိနှင့် သားတော်ယေရှုခရစ်တော်၏အဖြစ်အပျက်နှင့် ဆင်တူဖြစ်နေသောကြောင့် ကနဦးခရစ်ယာန်များသည်လည်း မိခင်မယ်တော်မာရိကို အထူးအလေးအမြတ်ထားကြပြီး၊ မိခင်မယ်တော်မာရိကို ရိုသေသော အစီအစဉ်များ ပြုလုပ်လာခဲ့ကြသည်။ ဤအစီအစဥ်သည် ခရစ်ယာန်အဖွဲ့အစည်းအချို့၌ မိခင်များနေ့ကို ပိုမိုအားကောင်းစေခဲ့သည်။
ဘုရားမ Cybele နှင့် Rhea
ရှေးခေတ်က ဟေလသလူ ဟုခေါ်သော ဂရိလူမျိုးများသည် ဘုရားမများ၏ပွဲနေ့ကို နွေးဦးရာသီ၌ ကျင်းပပေးခဲ့ကြသည်။ ဂရိလူတို့သည် Cronus ၏ မိန်းမ Rhea နှင့် ဂရိဒဏ္ဍရီ၌ရှိသော နတ်ဘုရားမတို့၏မိခင်များအား ပူဇော်ခြင်းပွဲကို ထိုနေ့ကာလ၌ ကျင်းပခဲ့ကြသည်။
ရှေးခေတ် ဂရိလူူများသည် Cybele ဟု အမည်ရှိသော မိခင်ဘုရားမ၏ ပွဲကိုလည်း နွေးဦးရာသီ၌ ကျင်းပခဲ့ကြပြန်သည်။ Cybele ကို ရိုသေပူဇော်သော ပွဲနေ့သည် ယေရှုခရစ်မမွေးဖွားခင် ဘီစီ ၂၅၀ ခုနှစ်ဝန်းကျင်က စတင်ခဲ့သည်။
Cybele ဟုခေါ်သော မိခင်နတ်ဘုရားမ ကို ပူဇော်ကိုးကွယ်ခြင်းသည် ယခုတူရကီနိုင်ငံက အစပြုခဲ့ပြီး၊ Rhea သည် ဂရိနိုင်ငံက အစပြုခဲ့သည်။ ထိုဘုရားမတို့ကို ပူဇော်ကိုးကွယ်ခြင်းနှင့် သူတို့၏ပွဲကို ဥရောပနိုင်ငံနှင့် အာရှနိုင်ငံအချို့တို့၌ ပြုလုပ်ခဲ့ကြသည်။
နတ်ဘုရားမ Cybele သည် ဘီစီ ၆၀၀၀ ခုနှစ် မတိုင်ခင်ကတည်းက ရှိခဲ့ပြီဟု ဆိုကြပြီး၊ မြေကြီးတောတောင်သဘာဝနှင့် တိရိစ္ဆာန်ရှိသမျှကို အစိုးရသောဘုရားမ ဟု သူမဘာသာသူမ ဖေါ်ပြခဲ့သည်။ တိရိစ္ဆာန်အရင်းအမြစ်တို့၏မိခင် ဟု ခေါ်တွင်ခဲ့ကြသည်။
ဘုရားမ Rhea သည်လည်း Cybele နှင့် တစ်ချိန်တည်းမှာဘဲ ကိုးကွယ်လာခဲ့ကြတာဖြစ်ပြီး၊ ကမ္ဘာမြေကြီးနှင့် မိုးကောင်းကင်ဂြိုဟ်တို့၏ ဘုရားမ ဟု သတ်မှတ်ခံခဲ့ကြသည်။
ထိုဘုရားမနှစ်ဦးတို့၏အဖြစ်အပျက်နှင့် ဆင်တူပြီး၊ နီးစပ်ခြင်း
ယေရှုသည်လည်း အရာခပ်သိမ်းကို ဖန်ဆင်းတော်မူသည်ဖြစ်၍၊ ယေရှုကို မွေးဖွားသော မယ်တော်မာရိကို ကနဦးခရစ်ယာန်များက ရိုသေကိုင်းရိုင်းခြင်းသည်၊ မိခင်နတ်ဘုရားမများအား မယုံကြည်သူများ၏ရိုသေကိုင်းရိုင်းပူဇော်ခြင်းနှင့် ဆင်တူဖြစ်သည်။ ကနဦးခရစ်ယာန်များက အပျိုစင်မယ်တော်မာရိကို ရိုသေသော ပွဲနေ့များပြုလုပ်ရာကနေ မိခင်များအားလုံးကို ရိုသေသော ပွဲနေ့များအထိ ကျယ်ပြန့်လာခဲ့ပါသည်။ ထိုကဲ့သို့ ကျင်းပလာသော မိခင်များနေ့ပွဲကို ကနဦးခရစ်ယာန်အားလုံးသည် ကျင်းပကြသည်မဟုတ်ဘဲ၊ အချို့က ကျင်းပခဲ့ကြသည်။
Mothering Sunday
အေဒီ ၁၆၀၀ ခုနှစ် ဝန်းကျင်မှာ Mothering Sunday ဟူသော မိခင်များနှင့်ပတ်သက်သော ပွဲနေ့တစ်ခုကို စတင်ကျင်းပလာခဲ့ကြသည်။ ထိုပွဲနေ့သည်လည်း ခရစ်တော်၏မယ်တော်မာရိကို ရိုသေကိုင်းရိုင်းသောပွဲနေ့တစ်ခု ဖြစ်သည်။ မယ်တော်မာရိကို အဓိကထားလျှက် ကျင်းပပေးရာကနေ မိခင်များအားလုံးလည်း ပါဝင်ပတ်သက်လာခဲ့သည်။ ထို Mothering Sunday သည် Lent ဟူသော ပွဲတော်၏ စတုတ္ထ တနင်္ဂနွေနေ့ဖြစ်ပြီး၊ Resurrection Sunday မတိုင်ခင် တတိယပတ်အလို ဖြစ်သည်။ ဥရောပနှင့် အခြားအချို့နိုင်ငံများမှာလည်း ကျင်းပလာကြပြီး၊ ၁၉ ရာစုဝန်းကျင်ရောက်လာတော့ နိုင်ငံအားလုံးနီးပါးမှာ ပျောက်ကွယ်သွားခဲ့သည်။
Julia Ward Howe ၏ မိခင်များနေ့
Julia Ward Howe သည် US ၌ မိခင်များနေ့ကို ကျင်းပဖိုရန် ပထမဆုံးလှုပ်ရှားခဲ့သူဖြစ်သည်။ အေဒီ ၁၈၇၂ ခုနှစ်မှာ စတင်လှုပ်ရှားခဲ့တာ ဖြစ်ပြီး၊ စစ်ပွဲ၌သေဆုံးခဲ့ကြသော သားများ၊ သူတို့၏ယောကျ်ားများကို ရည်ရွယ်ပြီး၊ စစ်ပွဲကိုအလိုမရှိဘဲ၊ စစ်ပွဲကို မုန်းတီးဆန့်ကျင်ဖို့ရန် မိခင်များအားလုံးကို နှိုးဆော်ခဲ့တာဖြစ်သည်။ ဇွန်လ ၂ ရက်နေ့ကို မိခင်များနေ့အဖြစ် သတ်မှတ်ကျင်းပဖို့ရန် နှိုးဆော်ပြီး၊ ငြိမ်သက်ခြင်းအတွက် ရည်ရွယ်ကျင်းပခဲ့ကြသည်။ ဇွန်လ ဒုတိယပတ် တနင်္ဂနွေနေ့ မှာလည်း Mothers’ Peace Day အဖြစ်နဲ့ USA, Houston မှာ စတင်ကာ ကျင်းပခဲ့ကြဖူးသည်။ Julia Ward Howe ၏ စိတ်ကူးအမြင်သည် တော်တော်ပြန့်နှံ့လာပြီး၊ နောက်ပိုင်းမှာတော့ မေလမှာ ကျင်းပတဲ့ မိခင်များနေ့က နေရာယူသွားခဲ့သည်။
Anna M. Jarvis ၏ မိခင်များနေ့
Anna M. Jarvis သည် USA မှာ မိခင်များနေ့ကို တည်ထောင်သူအဖြစ် သတ်မှတ်ခြင်းခံခဲ့ရသူတစ်ဦးဖြစ်လာခဲ့သည်။ Anna Jarvis သည် အိမ်ထောင်မရှိသူ ဖြစ်ပြီး၊ ကလေးလည်းမရှိခဲ့ပါ။ သို့သော်လည်း သူမ၏ကြိုးစားလှုပ်ရှားမှုတွေကြောင့် မိခင်များနေ့၏မိခင်အဖြစ် လူသိများလာခဲ့သည်။
သူမသည် သူမ၏မိခင်ရင်းဖြစ်သော Anna Marie Reeves Jarvis ကို သတိရအောက်မေ့ခြင်းအစိအစဉ်များ ပြုလုပ်ပေးရာကနေ အစပြုလာခဲ့တာ ဖြစ်သည်။ သူမ၏မိခင် Anna Reeves Jarvis ကွယ်လွန်သွားပြီးနောက် ၁၉၀၈ ခုနှစ် လောက်မှာ စတင်လှုပ်ရှားခဲ့တာဖြစ်သည်။
ကလေးများအတွက် သူ့အမေ၏ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုတဲ့အနေနဲ့ စတင်ကျင်းပခဲ့တာဖြစ်သည်။ နှစ်ပေါင်း ၂၀ ကျော် ကြာ၊ သူ့မိခင် Sunday School သင်ပေးခဲ့သော ဘုရားကျောင်းကို သွားပြီး Mother’s Day ကို ကျင်းပနိုင်ဖို့ရန်တောင်းဆိုခဲ့ပါသည်။ သူမ၏တောင်းဆိုမှုကို ဘုရားကျောင်းက အတည်ပြုပေးကြပြီး၊ ၁၉၀၈ မေလ ၁၀ ရက်မှာ အသိအမှတ်ပြုသော မိခင်များနေ့ကို Grafton and West Virginia မှာ ရှိတဲ့ Andrew’s Methodist Church နှင့် အခြားအသင်းတော်များမှာ ကျင်းပလာခဲ့ကြသည်။ ၁၉၁၁ ခုနှစ် မှာတော့ အမေရိကန်ပြည်နယ် တော်တော်များများ၌ မိခင်းများနေ့ကို စတင်ကျင်းပလာပြီး၊ ၁၉၁၄ ခုနှစ်မှာ သမတ Woodrow Wilson က မေလ ဒုတိယပတ် တနင်္ဂနွေ ကို မိခင်များနေ့အဖြစ် သတ်မှတ်ရန် လက်မှတ်ရေးထိုးခဲ့သည်။ ထိုမိခင်များနေ့ကို ကျင်းပလာတဲ့အခါ သေဆုံးပြီးသော မိခင်များသာ မဟုတ်တော့ဘဲ၊ အသက်ရှင်သေးသေ ာမိခင်များကိုပါ ရိုသေကိုင်းရိုင်းသော အစီအစဉ်အဖြစ် ကျင်းပလာခဲ့ကြသည်။ ဤ မိခင်များနေ့ကနေစပြီး တစ်ကမ္ဘာလုံးပျံ့နှံ့လာခဲ့ပါသည်။
ယခု မိခင်များနေ့ အခြေအနေ
ယခု မိခင်များနေ့သည် US, UK, India, Denmark, Finland, Italy,Turkey, Australia, Mexico, Canada, China, Japan နှင့် Belgium မှစ၍ ကျန်နိုင်ငံများမှာလည်း ကျင်းပလာကြသည်။ မိခင်များနေ့ကို ကျင်းပရာမှာ မိမိတို့ မိခင်များအိမ်သို့ အလည်အပတ်သွားပြီး လက်ဆောင်ပစ္စည်းများ ပေးကမ်းကြပါသည်။ မိခင်များနေ့လက်ဆောင်ပစ္စည်းများကို ဝယ်ပေးကြသည်။ မိခင်များနေ့ကို တစ်ဦးချင်းစီသော်လည်းကောင်း၊ မိသားစုလိုက်သော်လည်းကောင်း၊ အဖွဲ့အစည်းလိုက်သော်လည်းကောင်း ကျင်းပလာကြသည်။
ခရစ်ယာန်များ၌ မိခင်များနေ့
ခရစ်ယာန်အဖွဲ့အစည်းထဲမှာလည်း ဘုရားကျောင်းများ၌ မိခင်များနေ့ကို ကျယ်ကျယ်ပြန့်ပြန့် ကျင်းပလာကြသည်။ မိခင်များကို စုရုံးပြီး လက်ဆောင်ပေးခြင်း၊ မိခင်များအတွက် ဆုတောင်းပေးခြင်း အစီအစည်များကို ပြုလုပ်ကြတယ်။ ခရစ်ယာန်ဘုရားကျောင်းများ၌ မိခင်များနေ့ကို ကျင်းပလာတဲ့အခါ အများအားဖြင့် ကလေးရရှိပြီးသော မိခင်များကို ရည်ရွယ်ပြီး၊ လက်ဆောင်ပစ္စည်းများ ပေးကမ်းခြင်းအားဖြင့်၎င်း၊ ဆုတောင်းပေးခြင်းအားဖြင့်၎င်း ပြုလုပ်ကြသည်။ ကလေးမရှိသော မိခင်များအတွက်တော့ ထိုနေ့က အားငယ်စရာကောင်းသော နေ့ဖြစ်ပြန်သည်။
မိခင်များနေ့ကို မကျင်းပသော ခရစ်ယာန်အသင်းတော် အများအပြားလည်း ရှိနေပါသည်။။ မိခင်များနေ့ကို ကျင်းပဖို့ရန် သမ္မာကျမ်းစာက လမ်းညွန်းခြင်းမရှိ၊ သင်ပေးခြင်းလည်း မရှိသောကြောင့်ဖြစ်သည်။ သို့သော် မိခင်ရော ဖခင်ပါ မိဘများကို ရိုသေပြီး၊ မိဘစကားကို နားထောင်ဖို့ရန်သာ သမ္မကျမ်းစာက သွန်သင်ထားပါသည်။ မိခင်များနေ့၏အရင်းအမြစ်သည် မယုံကြည်သောသူများ၊ နတ်ဘုရားမ ကိုးကွယ်သော သူများဆီကနေ ဆင်းသက်လာသော ပွဲနေ့ဖြစ်သောကြောင့် ယုံကြည်သူခရစ်ယာန်များက မကျင်းပဘဲနေကြတာဖြစ်ပါသည်။ လောကီသားဆီကနေ နည်းလမ်း(အတု) ယူပြီး ထာဝရဘုရားသခင်ကို မကိုးကွယ်ဖို့ရာ ကျမ်းစာကလည်း သတိပေးထားသည်။